မြန်မာနိုင်ငံမှာ သတင်းသမားတစ်ဦး ပထမဆုံးအနေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။ အလွတ်ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်း အသံတိတ်ဆန္ဒပြနေတာကို သတင်းဓာတ်ပုံရိုက်နေချိန် ရန်ကုန်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာ ခံခဲ့ရပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့ရတာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရာနဲ့ချီတဲ့ သတင်းသမားတွေ အဖမ်းခံခဲ့ရပြီး တချို့ဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ အခုတခါ အဖမ်းခံရတဲ့ သတင်းသမားတစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
သေဆုံးသူ သတင်းသမားကိုစိုးနိုင်ဟာ အလွတ်ဓာတ်ပုံသတင်းထောက်တဦးပါ။ သူအဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးတာလို့ သူနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေက ပြောပါတယ်။ ကိုစိုးနိုင်ဟာ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရန်ကုန်မြို့အတွင်း အသံတိတ် ဆန္ဒပြတာကို ဓာတ်ပုံရိုက်ယူခဲ့သူဖြစ်ပါတယ်။
ကိုစိုးနိုင် သေဆုံးသွားပြီဆိုတဲ့ သတင်းကို သတင်းသမားတွေ စုစည်းထားတဲ့ လူမှုကွန်ရက်မှာ ဒီဇင်ဘာ ၁၄ ရက် မနေ့ကတွေ့ရလို့ အံ့သြတုန်လှုပ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ကိုစိုးနိုင်ရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတဦးက RFA ကိုပြောပါတယ်။
“ကျနော်တို့မှာက အင်တာနက် Network တစ်ခုရှိတယ်။ အဲ့ဒီအထဲမှာ ဒီကနေ့ နေ့လည်၂ နာရီလောက်မှာ သတင်းတက်လာတယ်။ ပထမ မယုံဘူး။ ဓာတ်ပုံသတင်းသမားကို ဘာမှ ရိုက်သတ်စရာအကြောင်း မရှိဘူးဆိုပြီး။ သို့သော် ညနေလေးနာရီလောက်မှာ မိသားစုဝင်တွေထဲက တစ်ဦးက အတည်ပြုပါတယ်။ အဲ့ဒီတော့မှ အခြေအနေတွေကို ဆက်စပ်ပြီး သူသေသွားပြီဆိုတာ အတည်ပြုနိုင်တယ်။ ပြီးတော့ဒီနေ့ပဲ သူ့ကို သဂြိုဟ်လိုက်ပြီဆိုတာ ညနေ ၅ နာရီလောက်မှာ သိရတယ်”
ကိုစိုးနိုင်ဟာ ဓာတ်ပုံသမားတစ်ဦးဖြစ်သလို ဂရပ်ဖစ် ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကလည်း စစ်ကောင်စီ စစ်ကြောရေးမှာ ကိုစိုးနိုင် သေဆုံးသွားတဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ စစ်ကောင်စီက ဖမ်းဆီးတာ ခံခဲ့ရတဲ့ သတင်းထောက်ကိုစိုးနိုင်ဟာ စစ်ဆေးရင်းသေဆုံးရတယ်လို့ ဖော်ပြထားပါတယ်။
ကိုစိုးနိုင်နဲ့အတူ ဓာတ်ပုံသတင်းထောက် နောက်တဦးဖြစ်တဲ့ ကိုဇော်ထွန်းတို့ နှစ်ဦးဟာ ရန်ကုန်တိုင်း လသာမြို့နယ် ၂၁ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတာ ခံခဲ့ရတဲ့အကြောင်း ကိုစိုးနိုင်ရဲ့မိတ်ဆွေ သတင်းသမားက ရှင်းပြပါတယ်။
“၁၀ ရက်နေ့ အသံတိတ်သပိတ်နေ့မှာ ၂၁ လမ်းထိပ်မှာ သူနဲ့ ကိုဇော်ထွန်း အဖမ်းခံရတယ်။ သူတို့နဲ့ မရှေးမနှောင်းမှာ ကျနော်တို့ ရှိနေတယ်။ ကျနော်တို့က ကားပေါ်မှာ ပထမ အဖမ်းခံရတယ်ပေါ့၊ ဒီလောက်ပဲ။ အခု သေသွားပြီတဲ့ဗျာ”
သတင်းသမားတစ်ဦးက သတင်းအလုပ်လုပ်တဲ့အတွက် အသက်သေရလောက်တဲ့အထိ ဖမ်းဆီးနှိပ်စက်ခံရတာက အံ့သြစရာပဲလို့လည်း ဆိုပါတယ်။
“ကိုစိုးနိုင်ဟာ နွေဦးတော်လှန်ရေးစကတည်းက ကျနော်နဲ့အတူ ပွဲပေါင်းများစွာမှာ အများကြီး သတင်းယူဖူးတယ်။ နောက်ပိုင်းစစ်တပ်က နှိပ်ကွပ်လို့ ပြောက်ကျားသပိတ်တွေ လုပ်တဲ့အခါမှာလည်း သတင်းတွေအများကြီး ယူဖူးတယ်။ သူ့အလုပ် သူလုပ်တဲ့သူပါဗျာ။ သတ်စရာအကြောင်းကို မရှိဘူး”
ကိုစိုးနိုင်သေဆုံးမှုနဲ့ပတ်သက်ပြီး ကိုစိုးနိုင်ရဲ့ဇနီး၊ ကိုစိုးနိုင်နဲ့အတူ အဖမ်းခံရတဲ့ ကိုဇော်ထွန်းရဲ့ဇနီးတို့ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်မဖြေကြပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ပေမဲ့လည်း အကြောင်းမပြန်ပါဘူး။
ကိုစိုးနိုင်နဲ့ ကိုဇော်ထွန်းတို့ အဖမ်းခံရတဲ့နေ့က မြန်မာပြည်သူတွေရဲ့ အသံတိတ် ဆန္ဒပြပွဲဓာတ်ပုံတွေကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြကြပြီး လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေတဲ့ ဓာတ်ပုံတွေဟာ မြန်မာပြည်သူတွေရဲ့ အံ့မခန်းအောင်ပွဲဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ လောလောဆယ် သတင်းသမား ၅၇ ဦး အဖမ်းခံနေရတယ်လို့ RSF အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။
No comments:
Post a Comment